စေ့စပ်ညှိနိုင်းရေး တံခါးဝဆီမှ ခွပ်ဒေါင်းငှက်များ…
ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) သည် လူထုတရပ်လုံးပါဝင်သည့် ရှစ်လေးလုံး အရေးတော်ပုံ ကြီးမှ မွေးဖွားပေးလိုက်တဲ့ ပြည်သူ့ ရင်နှစ်သည်းခြာ များပင်ဖြစ်သည်။ ကျောင်းသားဆိုတာ အတန်းပညာ၊ အသိပညာ၊ အတတ်ပညာ၊ စသည့် လောကီ ပညာ အရပ်ရပ်ကို လေ့လာသင်ကြားနာယူ နေတဲ့ သူတွေလို့ဆိုရင် မှားမည် မထင်ပါ။
ထိုကျောင်းသားတွေရဲ့ သဘော သဘာဝက အမှန်တရားကို မြတ်နိုးကြသလို လွတ်လပ်ခြင်း၊ တရားမျှတ ခြင်းနဲ့ ငြိမ်းချမ်းခြင်း တွေကို နှစ်သက်ကြပြီး ဖိလျှင်ကြွမည် နှိပ်လျှင်ထမည် ပစ်လျှင်ချမည် ဆိုသည့် အချက်တွေကို လက်ကိုင်ထားသူတွေဘဲ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာ့ နိုင်ငံရေးဇာတ်ခုံပေါ်ကအတိတ်သမိုင်းကို ပြန်လှန်ကြည့်လိုက်ရင် ကျောင်းသားေ တွရဲ့ အမျိုးသားရေးကဏ္ဍ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ပူပူနွေးနွေး ရှိနေသေးတာကို တွေ့ရမှာပါ။
မြန်မာ့လွတ်လပ်ရေး ရရှိဖို့ သပိတ်တိုက်ပွဲတွေကို စတင်ဦးဆောင်ခဲ့သူ တွေဟာလည်း ကျောင်းသား တွေပဲ ဖြစ်ပါတယ်။ ပထမ ကျောင်းသားသပိတ်၊ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသား သပိတ် စတဲ့ သပိတ်တိုက်ပွဲ တွေဟာ ကျောင်းသား တွေရဲ့ သတ္တိနဲ့ မျိုးချစ် စိတ်ဓါတ်ကို ထင်ဟပ်ဖော်ပြ နေသလို တော်လှန်ရေးရဲ့ နိဒါန်းတွေဆိုတာ ငြင်းလို့မရတဲ့ အရာတွေပါ။
သူ့ကျွန်ဘ၀က လွတ်မြောက်ရေးနဲ့ စစ်မှန်တဲ့ လွတ်လပ်ရေးကို အရယူနိုင်ဖို့ လက်နက်ကိုင် တော်လှန်ရေး အတွက် ကျောင်းသားခေါင်းဆောင် သခင်အောင်ဆန်းနဲ့ လူငယ် သုံးဆယ်တို့က စတင်ခဲ့တာပါ။ မြန်မာ့လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့သူတွေရဲ့ အရိုးတွေကို တူးဆွကြည့်လိုက်လျှင် ကျောင်းသား အရိုးသည် အောက်ဆုံးကဖြစ်နေမယ်လို့ သခင်ဗဟိန်း ကဆိုခဲ့ဖူးပါတယ်။
၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေး ရခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၄ နှစ်အကြာ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာတော့ ဦးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းယူတာ ခံခဲ့ရပါတယ်။
တိုင်းရင်းသား တော်လှန်ရေးတပ်များသည်လည်း အလျှိုလျှို ပေါ်ပေါက် ခဲ့ရသလို
အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက်မှာ အာဏာရှင်အစိုးရကို ဖီဆန်တဲ့ကျောင်းသား သပိတ် တိုက်ပွဲတွေဟာလည်း ဆက်တိုက် ဆိုသလို ပေါ်ပေါက်ခဲ့ပါတယ်။ ကျွန်းဆွယ်အရေးအခင်း၊ ဆဲဗင်း ဂျူလိုင်၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးတော်ပုံ စတဲ့ အရေးအခင်းတွေဟာ မတရားတဲ့ အာဏာရှုအစိုးရကို တော်လှန်ရာက ဖြစ်ပွားခဲ့တဲ့ အရေးအခင်းတွေပါ။ ၁၉၆၇ ခုနှစ်အရောက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်တွေ အပါအ၀င် ဗကပခေါ် ဗမာပြည်ကွန်မြူနှစ်ပါတီ စတဲ့ တနိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေကို အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းက ပြည်တွင်း ငြိမ်းချမ်ရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ရိုးသားမှုမရှိဘဲ စစ်မျန်တဲ့ ငြိမ်းချမ်းရေး လမ်ကြောင်းကို လျှောက်ဖို့ထက် လက်နက်ချရေးကို ဦးတည်ခဲ့တာကြောင့် အောင်မြင်မှု မရခဲ့ပါဘူး။
တချိန်တည်းမှာပဲ တိုင်းပြည်ကို ကြာကြာအုပ်စိုးလိုရင် သားသုံးသားကို နိုင်အောင်ထိန်းဆိုတဲ့မူကို ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းက ဗိုလ်နေ၀င်းကို ချပေးလိုက်ပါတော့တယ်။ ပထမ ဘုရားသား၊ ဒုတိယ စစ်သား၊ တတိယ ကျောင်းသား ဆိုတဲ့ သားသုံးသားကို နိုင်အောင်ထိန်းနိုင်ရင် ရှင့်အာဏာ ပိုမြဲလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။
အကြီးဆုံးသားဖြစ်တဲ့ ဘုရားသား၊ ဘုန်းကြီးရဟန်းတွေကိုတော့ အခွင့်အခါကြုံတိုင်း အကြမ်းဖက် နှိပ်ကွပ်လေ့ရှိပါတယ်။ အလားတူစွာ ဒုတိယသား ဖြစ်တဲ့ တပ်မတော်သား စစ်သားတွေကိုတော့ မိမိခါးပိုက်ဆောင်ထဲ ထည့်ပြီးလိုသလိုအသုံးပြုခဲ့ပါတယ်။ အငယ်ဆုံးလည်းဖြစ် ထိန်းရလည်း ခက်တဲ့ ကျောင်းသားကိုတော့ မြောက်တခါ ခြောက်တလှည့်၊ သတ်တခါနဲ့ အမြဲမပြတ် စောင့်ကြည့် နေပြီး ကြွတာနဲ့ ချဆိုသလို နှိပ်ကွပ်ခဲ့ပါတယ်။
ဗိုလ်နေ၀င်းလက်ထက် တပ်မတော်သားတွေကို သူ့ရဲ့ ခါးပိုက်ဆောင် တပ်တွေဖြစ်အောင် ဆောင်ရွက် ခဲ့ပေမယ့် အိမ်တိုင်းမှာ စစ်သား မရှိပေမယ့် အိမ်တိုင်းမှာ ကျောင်းသားရှိတယ် ဆိုတဲ့မူကို တပ်မတော်သား တွေကလည်း သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဖြုတ်၊ ထုတ်၊ သတ် ဆိုတဲ့ လမ်းစဉ်ကို ကြောက်နေရသူတွေမို့ အဖေကြီးဖြစ်တဲ့ ဗိုလ်နေ၀င်းရဲ့ သြဇာကို လွန်ဆန်ရဲသူ မရှိသလောက် ရှားခဲ့ပါတယ်။
ဒီလိုနဲ့ အာဏာရှင်စံနစ်က တစတစ အမြစ်တွယ်လာခဲ့သလို အထက်အောက် အမွေပေးခဲ့တာကြောင့် တပ်မတော်အတွင်းမှာရော ၀န်ထမ်းလောကမှာပါ ချစားမ၊ လာဘ်စားမှုတွေ ကြီးထားခဲ့ပါတော့တယ်။
၁၉၈၆၊ ၈၇ ခုနှစ် ငွေစက္ကူ အရေးအခင်း နောက်ပိုင်းမှာတော့ တိုင်းပြည်ဟာ ထိန်းမရအောင် ဖြစ်လာပြီးတော့ ကျောင်းသား အရေးတော်ပုံ ပြန်စလာခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံက မွေးဖွားပေးလိုက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်တော်ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး သမိုင်းသစ် တခုကို ဖွင့်လှစ်လိုက်ပါတော့တယ်။ ကျောင်းသားတပ်မတော် လို့ခေါ်တဲ့ ABSDF ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၄ နှစ်မြောက်မှာတော့ နိုင်ငံရေး အပြောင်းအလဲတခု နဲ့အတူ စေ့စပ်ညှိနိုင်းရေး လမ်းစကို လျှောက်လှမ်း ရပါတော့တယ်။
အဖိနှိပ်ခံ ပြည်သူ တရပ်လုံး စစ်အာဏာရှင် စံနစ်အောက်က လွတ်မြောက်ရေး ရည်မှန်းချက်တွေနဲ့
ငြိမ်းချမ်းရေးအတွက် အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေဟာ တဖက်ကတိုက်ပွဲ ၀င်နေပေမယ့် တဖက်မှာတော့ ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားခဲ့တာပါ။
ကျောင်းသားတွေဖွင့်လိုက်တဲ့ တံခါးက တပြည်လုံး အတိုင်းအတာနဲ့ စေ့စပ်ညှိနိုင်းရေး ဆိုတဲ့ တံခါတချပ်ကနေ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးဆီသို့ ….... တင်ပြရင်း