သျှမ်းနီအမျိုးသား သတင်းထောက် စာရေးဆရာကြီး မောင်ကြည်ဇင်ကို ဟုမ္မလင်းမြို့နယ် မောင်းခမ်းကျေးရွာနေ အဖတောင်သူကြီး လုံးစိုးပိုင်နှင့် အမိ နန်းစောခင် တို့မှ ၁၉၃၁ ခုနှစ် ၀ါဆိုလ တွင် မောင်းခမ်းရွာတွင် မွေးဖွား ခဲ့လေသည်။
မောင်ကြည်ဇင်သည် လောကုတ္တရာ စာပေနှင့် မြန်မာစာပေ အဆီအနှစ်များကို ဇာတိမောင်းခမ်းရွာ ရွှေတစ်ဆယ့်ကိုးရွာ ဂိုဏ်းချုပ် ဆရာတော်ကြီး ဦးဇယန္တထံတွင် သင်ကြားလေသည်။
ဆရာမောင်ကြည်ဇင်၏ လက်ရင်းဆရာများ ဖြစ်ကြသော ဆရာဦးဘိုးထွေး၊ ဆရာဦးကိုကြီး၊ ဆရာဦးဘဆန်းစသော ဆရာကြီးများ ထံတွင်လည်းကောင်း ဒုတိယ ကမ္ဘာစစ်ကြီး၏ စစ်ဘေးအန္တရယ်ကို ပြေးလွှားရှောင်တိမ်းရင်း စာပေဗဟုသုတနှင့် လူလောက ဗဟုသုတများကို မိခင်ကြီး နန်းစောခင်ထံတွင် လည်းကောင်း သင်ယူခဲ့လေသည်။
ဆရာကြီးသည် ခြောက်နှစ်ခန့်မျှ သင်္ကန်းဝတ်ဖူးခဲ့ရာ ဦးပဉ္ဖင်းသုံးဝါရရှိခဲ့ သူလည်းဖြစ်သည်။
သူသည် ကျောင်းဆရာ၊ ပြည်သူ့ ဆက်ဆံရေးအရာရှိ၊ ထွန်းနေ့စဉ်သတင်းစာ အယ်ဒီတာစသည်ဖြင့် လုပ်ကိုင်ခဲ့သည်။
၁၉၅၆-၅၇ ခုနှစ်မှစ၍ ကြေးမုံဂျာနယ်၊ ဟံသာဝတီသတင်းစာ၊ ပြည်ထောင်စုသတင်းစာ၊ မဏ္ဍိုင်သတင်းစာတို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ရင်း ၀တ္ထုတိုနှင့် ဆောင်းပါးများကို စတင် ရေးသားခဲ့သည်။
၁၉၅၇-ခုနှစ် မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ပါရှိခဲ့သည့် “နာဂတောင်တန်းမှ ထူးဆန်းသောကြေကွဲမှု” ၀တ္ထုကို နာဂတောင်တန်း မောင်ကြည်ဇင် ကလောင်အမည်ဖြင့် ရေးသားခဲ့သည်။
သတင်းထောက် စာရေးဆရာ မောင်ကြည်ဇင်သည် တောင်ပေါ်မြေနှင့် မြေပြန့်ပန်းသည် ပထမဆုံးသောလုံးချင်းဝတ္ထုဖြစ်သည်။
နာဂတောင်တန်း မောင်ကြည်ဇင်၏ တောင်ပေါ်မြေနှင့် မြေပြန့်ပန်းဝတ္ထု ဖြင့် ၁၉၆၄ ခုနှစ် အနုပညာစာပေဆိုင်ရာ ၀တ္ထုရှည် ပထမဆု၊ အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့်ဖြင့် ၁၉၆၈ ခုနှစ် အမျိုးသားစာပေဆု ၀တ္ထုရှည် တတိယဆုတို့ကို ရရှိခဲ့သည်။
ဆရာကြီးမောင်ကြည်ဇင်သည် ၁၉၇၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်ထိ ကလောင်ခွဲများမရှိပါ နာဂတောင်တန်း မောင်ကြည်ဇင် နာမည်ဖြင့်သာ ရေးသားထုတ်ဝေခဲ့သည်။
***နာဂတောင်တန်း မောင်ကြည်ဇင်ရေးသားပြုစုခဲ့သော စာအုပ်များ***
၁။ တောင်ပေါ်မြေနှင့် မြေပြန့်ပန်း -၁၉၆၄
၂။ ပြေစေချင်သည့် သည်ချစ်ကြိုး -၁၉၆၄
၃။ အကယ်ဒမီကိုလွန်းပွေ -၁၉၆၅
၎။ နော် -၁၉၆၆
၅။ မချစ်သော်လည်းမမုန်းပါ -၁၉၆၇
၆။ အောင်ပွဲခြိမ့်ခြိမ့် ရင်သိမ့်သိမ့် -၁၉၆၈
၇။ ဖျောက်ဆိပ်ပင်ကို သက်သေတည် -၁၉၇၀
၈။ မုန်းစေချင်ဘိသည် -၁၉၇၁
သျှမ်းနီအမျိုးသား တဦးဖြစ်သော သတင်းထောက် စာရေးဆရာကြီး မောင်ကြည်ဇင်အား သျှမ်းနီလူငယ်များမှ မှတ်တမ်းတင်အပ်ပါသည်။
ထုတ်နုတ်-
နှစ်ဆယ်ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း
(စတုတ္ထတွဲ ) နှာ -၁၂၂-မှကူးယူဖေါ်ပြပါသည်။...

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်