လူသားတိုင်းမှာ ပင်ကိုယ်စွမ်းရည် (Talent) လို့ခေါ်တဲ့ ကိုယ်ပိုင် အစွမ်းအစတွေရှိနေကြတယ် ဆိုတာကို လူတိုင်း မသိခဲ့ မမြင်ခဲ့ပါ...
ပင်ကိုစွမ်းရည်ဆိုတာလူတွေရဲ့ ခန္ဓာကိုယ်ထဲမှာကိန်းအောင်းပါရှိနေတဲ့အားသန်ရာ စွမ်းရည်တစ်ရပ်ပါ။လူတစ်ယောက်ရဲ့ပါရမီထူး၊လူတစ်ယောက်မှာ ပါရှိနေတဲ့ အထုံဝါသနာထူးလို့လည်းပြောလို့ရပါတယ်။ငယ်စဉ်ကတည်းကထူးထူးခြားခြားလုပ်ချင်ကိုင်ချင်နေတဲ့အရာတွေ၊သူတစ်ပါးထက် သာသာလွန်လွန်လေးလုပ်ဆောင်နိုင်တယ်ဆိုတဲ့အရာတွေ၊လုပ်နေရရင်လည်းစိတ်အား ထက်သန်ပြီးပျော်ရွှင်နေတယ်ဆိုတဲ့ အရာတွေဟာ ကိုယ့်မှာရှိနေတဲ့သဘာဝက ပေးထားတဲ့ပင်ကိုစွမ်းရည်ပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့"ကိုယ်ပိုင် အစွမ်းအစကိုရှာဖွေသိရှိခြင်း"ဟာဘ၀အောင်မြင်တိုးတက်ရေးအတွက်အရေးအကြီးဆုံး လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ကြီးပွားတိုးတက်အောင်မြင်လိုသူတိုင်းဟာ"ငါ့မှာဘာအရည်အချင်းတွေရှိသလဲ၊ငါ့ရဲ့ပင်ကိုစွမ်းရည် (Talent) တွေကဘာလဲ၊ဘာအစွမ်းအစတွေငါ့မှာရှိသလဲ"လို့ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးရှာဖွေ ဆန်းစစ်ရပါလိမ့်မယ်။စစ်တမ်းကောက်ရပါလိမ့်မယ်။
လူအများစုကတော့ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစတွေကိုမသိကြပါဘူး။သိအောင်လည်းရှာဖွေ ဆန်းစစ်မှုတွေ မပြုလုပ်ကြပါဘူး။ကိုယ့်ခန္ဓာကိုယ်ထဲမှာကိန်းအောင်းနေတဲ့ပင်ကိုအရည်အချင်းတွေကိုသတိမပြုမိကြပါဘူး။တချို့ကြတော့လည်းကိုယ့်ရဲ့ပင်ကိုအရည်အချင်း တွေကိုသိတော့သိကြပါတယ်။ဒါပေမယ့် ဒီအရည်အချင်းတွေကိုထုတ်မသုံးနိုင်ကြပါဘူး။ဒါကြောင့်လည်းလောကမှာ လူအများစုဟာ အောင်မြင် တိုးတက်မှုတွေမရရှိကြတာပဲဖြစ်ပါတယ်။
လူ့လောကကို ရောက်ရှိလာကြတဲ့လူသားတိုင်းမှာလောကသဘာဝကြီးကပေးထားတဲ့စွမ်းရည်တွေကိုယ်စီရှိနေကြပါတယ်။ဒါတွေကိုဖော်ထုတ်အသုံးချပြီး တိုးပွားအောင် လုပ်နိုင်တဲ့လူတိုင်းဟာလောကမှာထိပ်တန်းအောင်မြင်မှုတွေကိုရရှိတဲ့လူသားတွေဖြစ်လာကြပါတယ်။
ရူပဗေဒပညာရှင်ကြီး " အဲလ်ဘတ်အိုင်းစတိုင်း၊စာပေပညာရှင်ရှိတ်စပီးယား၊ပန်းချီအနုပညာရှင်ကြီးပီကာဆို၊လီယိုနာဒိုဒါဗင်ချီ၊တီထွင်ပါရဂူသောမတ်အက်ဒီဆင်၊"ကမ္ဘာကျော် ဟာသပညာရှင်ချာလီချက်ပလင်၊ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်၊အဆိုတော်မင်းသမီးမက်ဒေါနား၊ရုပ်ရှင်မင်းသားကြီးအာနိုး၊ရုပ်ရှင်သရုပ်ဆောင်ဂျက်ကီချမ်း၊မိုက်ကယ်ဂျော်ဒန်၊ဒေးဗစ်ဘက်ခမ်း၊တိုက်ဂါးဝုဒ်၊ပီလီ၊မာရာဒိုးနား၊မိုဟာမက်အလီစတဲ့အားကစားသမားတွေ၊ကမ္ဘာကျော်ကွန်ပျူတာလုပ်ငန်းသူဌေးကြီးဘေလ်ဂိတ်စသဖြင့်နယ်ပယ်အသီးသီးမှာကျော်ကြားအောင်မြင်သူတွေပြောမကုန်အောင်အများကြီးရှိပါတယ်။
ဒီလိုအားကစားချန်ပီယံတွေ၊ပန်းချီအနုပညာကျော်တွေ၊သိပ္ပံပါရဂူတွေ၊နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊စာပေပညာရှင်တွေ၊နိုဘယ်ဆုရှင်တွေ၊စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအားလုံးဟာသူတို့ရဲ့ပင်ကိုစွမ်းရည်တွေကိုသက်ဆိုင်ရာနယ်ပယ်တွေမှာအသုံးချပြီးကိုယ့်ဘ၀ကိုထိပ်တန်းရောက်အောင်ဖန်တီးခဲ့ကြသူတွေချည်းဖြစ်ကြပါတယ်။
ပင်ကိုစွမ်းရည် (Talent) ကိုအခြေခံပြီးသူတို့လိုထိပ်တန်းအောင်မြင်သူတွေဖြစ်အောင် ကျွန်တော်တို့ အားလုံးဖန်တီး ယူလို့ရပါတယ်။အရေးကြီးတာကကိုယ့်မှာရှိတဲ့ Talent ကိုကိုယ်တိုင်သိနိုင်ဖို့ပါပဲ။ကိုယ့်မှာဘာအရည်အသွေး၊အစွမ်းအစတွေရှိနေသလဲ။ကိုယ့်မှာဘာ Talent တွေရှိသလဲ။ပန်းချီမှာလား၊ဂီတအနုပညာဘက်မှာလား၊အဆိုအကလား၊စီးပွားရေးလား၊အားကစားဘက်မှာထူးချွန်တာလား၊ဆရာဝန်ဖြစ်ချင်တာလား၊စာရေးဆရာလားစသဖြင့်ပေါ့။
အခုပဲစဉ်းစားရှာဖွေကြည့်ပါ။ နယ်ပယ်တစ်ခုခုမှာ ထူးထူးချွန်ချွန် ဖြစ်အောင်လုပ်မယ်ကြံရင် ကိုယ့်မှာထူးထူးချွန်ချွန်ဖြစ်အောင်လုပ်ဆောင်နိုင်မယ့်ပင်ကိုစွမ်းရည် Talent ဘာတွေရှိသလဲဆိုတာကိုပထမဦးဆုံး လေးလေးနက်နက် ရှာဖွေဖို့တော့လိုပါတယ်။ဒါဟာ သိပ်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ့် ဘ၀တစ်ခုလုံးကိုအဲ့ဒီစွမ်းရည်တွေနဲ့ အတူမြှုပ်နှံကြိုးစားရမှာဖြစ်လို့ပါပဲ။
ကိုယ့်မှာရှိတဲ့စိတ်ခွန်အားတွေအားလုံးကိုကိုယ်ဝါသနာပါတဲ့အရာ၊ကိုယ်ပါရမီပါတဲ့အရာ၊ကိုယ်ပျော်မွေ့ရာမှာတစိုက်မတ်မတ်စုစည်းပြီးစိုက်ထုတ်ကြိုးစားရင်း အထွတ်အထိပ် ရောက်မှာမလွဲပါပဲ။ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်၊ပါရမီထူးကိုရှာဖွေနိုင်ဖို့အတွက် အထောက်အကူပြုမယ့်အဓိကမေးခွန်းတွေကိုကိုယ့်ကိုယ်ကိုယ်မေးမြန်းပါ။
- ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာ၊စိတ်အားထက်သန်တဲ့အရာ၊၀ါသနာပါတဲ့အရာ၊
- လုပ်နေရရင်ပျော်နေစေတဲ့အရာ၊နှစ်ခြိုက်နေတဲ့အရာ၊
- ကိုယ့်မှာပါရမီရှိတယ်လို့ယူဆယုံကြည်ထားတဲ့အရာ၊
- ကိုယ့်မှာနဂိုမူလကတည်းကသူများထက်ပိုပြီးထူးခြားတဲ့အစွမ်းအစလေး ပါလာတယ်လို့ ယူဆယုံကြည်ထားတဲ့အရာဘာတွေများရှိသလဲလို့ရှာဖွေဆန်းစစ်ပါ။
သေချာရှာဖွေ ရွေးချယ်ပြီးပြီဆိုရင်တော့အဲ့ဒီအရာ၊အဲ့ဒီအလုပ်၊အဲ့ဒီနယ်ပယ်မှာတစ်ဘ၀လုံးကို ပုံအပ်ပြီးတစိုက်မတ်မတ်ကြိုးစား လုပ်ဆောင်ပေတော့။ကိုယ့်ရဲ့ကိုယ်စွမ်း ကိုယ်စနဲ့ကိုယ့်မှာရှိတဲ့ပါရမီထူးကိုကြိုးစားရှာဖွေဖော်ထုတ်နိုင်သူတိုင်း အတွက်လောကမှာ"မဖြစ်နိုင်"ဆိုတဲ့အရာလုံးဝမရှိနိုင်ပါဘူး။
လူတိုင်းမှာရှိတဲ့အစွမ်းအစတွေ၊အရည်အချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက်တူညီ မှာတော့မဟုတ်ပါဘူး။တချို့က Talent တွေနည်းနည်းပဲရှိပေမယ့်တချို့မှာအများကြီး ရှိနေတတ်ပါတယ်။သေးငယ်ချင်လည်းသေးငယ်မယ်၊ကြီးကျယ်ချင်လည်းကြီးကျယ်မယ်။ဒါပေမယ့်နည်းပါးတာ၊သေးငယ်တာအကြောင်းမဟုတ်ပါဘူး။ကိုယ့် Talent ကိုယ်သိရှိပြီးတိုးပွားလာအောင်ကြိုးစား ပျိုးထောင်မယ်ဆိုရင်ကိုယ်စွမ်းကိုယ်စတွေကထက်မြက်လာမှာဖြစ်ပါတယ်။ဒီလိုထက်မြက်လာတဲ့ကိုယ်စွမ်းကိုယ်စတွေကအောင်မြင်တဲ့ဘ၀ကိုဖန်တီးပေးနိုင်မယ့်ကိုယ်ပိုင်အရည်အသွေးတွေပါပဲ။
လူတစ်ယောက်မှာပင်ကိုဗီဇ Talent အနေနဲ့ဘယ်လောက်ပဲစွမ်းရည်ရှိတယ်၊ဘယ်လောက်တော်တယ် ဆိုတဲ့အချက် ရှိရုံနဲ့တင်မပြီးသေးပါဘူး။နဂိုရှိနေပြီးသားပင်ကိုစွမ်းရည်ကိုသိပေမယ့်ဘာမှမလုပ်ဘဲပစ်ထားရင်ဘာမှဖြစ်မလာနိုင်ပါဘူး။ဒီပင်ကိုစွမ်းရည်ကနေစွမ်းအားတွေထွက်ပေါ်လာအောင်လေ့ကျင့်ပျိုးထောင်ဖို့တော့လိုပါတယ်။ ဒီအတွက်ကိုယ်လုပ်ချင်တဲ့အလုပ်၊ကိုယ်ဝါသနာပါရာကိုယ်ရွေးချယ်ထားတဲ့နယ်ပယ်နဲ့ပတ်သက်သမျှအသိပညာ၊ဗဟုသုတ (Knowledge) တွေကိုကျယ်ကျယ်ပြန့်ပြန့် လေ့လာ လိုက်စားရမှာပါ။
သဘာဝကပေးထားပြီးသားကိုယ်ပိုင်အရည်အသွေး Talent တွေကိုတိုးပွားအောင်လုပ်ဖို့ဆိုတာပညာဆည်းပူးလေ့လာမှုတွေနဲ့ပေါင်းစပ်ပေးမှသာဖြစ်မှာပါ။လေ့လာခြင်း၊သင်ယူခြင်းဆိုတာအောင်မြင်မှုအတွက်သိပ်ကိုအရေးကြီးတဲ့အခြေခံအချက်ပါပဲ။မလေ့လာမသင်ယူရင်ဘာအသိပညာမှရှိမှာမဟုတ်ပါဘူး။အသိပညာမှမရှိရင်ဘာမှလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။
လူအများစုဟာကိုယ့်ရဲ့ပင်ကိုအစွမ်းအစနဲ့အရည်အသွေးတွေကိုတိုးပွားများပြားလာအောင်ပြုစုပျိုးထောင်ပေးတာမျိုးမလုပ်ကြဘဲ"ဘ၀မှာအောင်မြင်ဖို့ဆိုတာလုပ်တိုင်းဖြစ်တာမဟုတ်ဘူး၊လူတိုင်းဟာသူ့ကံနဲ့သူလာကြတာပါ"လို့ကံကြမ္မာကိုပုံချပြီးကြိုးစားအားထုတ်မှုမလုပ်ကြတာကတော့စိတ်မကောင်းစရာပါပဲ။သူတို့က"လူ့ဘ၀ဆိုတာဖြစ်ချိန်တန်ရင်သူ့အလိုလိုဖြစ်လာလိမ့်မယ်"လို့ခံယူထားကြပါတယ်။ဒီအယူအဆဟာကိုယ့်ရဲ့ပင်ကိုအစွမ်းအစနဲ့ကိုယ့်ဘ၀ကိုကိုယ်တိုင်အညွှန့်တုံးအောင်လုပ်သူတွေရဲ့အတွေးအခေါ်ပဲဖြစ်တယ်လို့ပြောပါရစေ။
အောင်မြင်မှု ဆိုတာသူတို့ ခံယူထားသလိုကံကြမ္မာ အကျိုးပေး တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။သူ့အလိုလို နေရင်းထိုင်ရင်းထူးကဲ အောင်မြင်သွားတာ မျိုးလည်းမဟုတ်ပါဘူး။အလှဆုံး၊အကောင်းဆုံးပန်းဥယျာဉ်ကြီးကိုလိုချင်ရင် အပင်ပန်းခံပြီးရေလောင်း၊ပေါင်းသင်၊မြေဆွ၊စိုက်ပျိုးရပါတယ်။မြေတောင်မြှောက်ရပါတယ်။ပြုစုပျိုးထောင်ရပါတယ်။
ဒီလိုပါပဲ၊လူတစ်ယောက်ရဲ့ ငယ်စဉ်က ပါလာခဲ့တဲ့အထုံပါရမီကလေး၊ပင်ကိုယ်ဗီဇ စွမ်းရည်လေးကိုအသိပညာ ဗဟုသုတ တွေနဲ့ပြုစုပျိုးထောင်ခြင်း၊မြေတောင်မြှောက် ပေးခြင်း၊ ပံ့ပိုးပေးခြင်း တို့ကိုပြုလုပ်ပေးရ ပါတယ်။ ဒါမှသာကိုယ့်ရဲ့ ပင်ကိုစွမ်းရည် လေးကအရောင်တောက်ပြောင်လာမှာဖြစ်ပါတယ်။
ပင်ကိုစွမ်းရည်ကိုအသိပညာနဲ့ပံ့ပိုး အားဖြည့်ပြီးပြီဆိုရင်ကျွမ်းကျင်ပိုင်နိုင်မှု (Skill) တွေပိုမိုဖြစ်ထွန်းလာအောင်အထပ်ထပ်လေ့ကျင့်ဖို့လည်းအဓိကကျပါတယ်။ဒီကျွမ်းကျင်မှုတွေနဲ့သက်ဆိုင်ရာနယ်ပယ်မှာထိပ်ဆုံးကိုရောက်အောင်မလျော့သော ဇွဲလုံ့လနဲ့စွဲစွဲမြဲမြဲအားထုတ်လုပ်ဆောင်ရပါလိမ့်မယ်။ယနေ့ကမ္ဘာပေါ်က နယ်ပယ်အသီးသီးမှာထိပ်တန်းရောက်အောင်မြင်နေကြသူတိုင်းဟာသူတို့ရဲ့နယ်ပယ်မှာအားကောင်းမှု (Strength) ထိပ်ဆုံးဖြစ်နေအောင်အပင်ပန်းခံပြီးအစဉ်တစိုက်လေ့ကျင့်အားထုတ်လုပ်ကိုင်သူတွေပါပဲ။
လောကမှာကိုယ့်ဘ၀ကို ကိုယ်ထိပ်တန်းရောက်အောင်ဖန်တီးနိုင်ကြတဲ့ပုဂ်္ဂိုလ်ကြီးတွေဟာ သူတို့ရဲ့မွေးရာပါ ရှိနေတဲ့ပင်ကိုယ် ဗီဇစွမ်းရည်လေးကိုအချိန်ပေးအာရုံစိုက်၊အသိပညာ ဗဟုသုတ တွေဖြည့်ဆည်း၊ကျွမ်းကျင်မှုတွေဖြစ်အောင် တစိုက်မတ်မတ်လေ့ကျင့်ယူ၊နှစ်ပေါင်းများစွာကိုယ်ရောစိတ်ပါမြှုပ်နှံပြီးအားထုတ် လုပ်ဆောင်ခဲ့ကြသူတွေပါပဲ။ဒီလိုလုပ်ဆောင်ခဲ့ကြလို့လူအများအံ့သြရ လောက်တဲ့ အောင်မြင်မှုတွေ၊ပီပြင်ပြောင်မြောက်တဲ့အနုပညာလက်ရာတွေ၊မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြတဲ့တီထွင်မှုတွေ၊အတွေးအခေါ်တွေ၊အယူအဆ သစ်တွေကိုဖန်တီးထုတ်လုပ်နိုင်တဲ့ပါရမီရှင်ကြီးတွေဖြစ်လာကြတာပေါ့။
ဒါကြောင့်လောကမှာ အောင်မြင်တဲ့လူသားတစ်ဦး ဖြစ်ဖို့ဆိုရင်ကိုယ်စွမ်းကိုယ်စနဲ့ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီး တည်ဆောက်ဖို့လိုပါတယ်။ဘယ်သူမဆိုနည်းလမ်း မှန်မှန်ကန်ကန်နဲ့ တစ်ဆင့်ချင်းစီအားထုတ်လုပ်ဆောင်ရင်ကံကြမ္မာရဲ့စီမံရာအတိုင်း နေတဲ့သူမဟုတ်ဘဲ၊ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးထိန်းချုပ်နိုင်တဲ့ သူတွေဖြစ်လာမှာပါ။ကိုယ့်ရဲ့ဘ၀အောင်မြင်မှုကိုကိုယ်တိုင်ပဲ တည်ဆောက်ရမှာ ဖြစ်ပါတယ်။
"အတ္တာဟိအတ္တနောနာထော" - မိမိကိုယ်သာကိုးကွယ်အားထားရာဖြစ်တယ်လို့မြတ်ဗုဒ္ဓကဟောကြား ခဲ့ပြီးသားပါ။ကိုယ့်ရဲ့ပင်ကိုအစွမ်းအစတွေနဲ့ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘ၀ကိုယ်ဖန်တီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ပေမယ့်လူတိုင်းလုပ်ဆောင်နိုင်ပါတယ်။ဒါပေမယ့် လူတကာ ထက်တော့အပင်ပန်းခံရမယ်၊ဇွဲရှိရမယ်၊စိတ်ဓာတ်ပြင်းပြထက်သန်ရမယ်။
အောင်ြမင်မှုကို လက်ဆောင်ပေးလို့ မရပါဘူး။အမွေပေးလို့လည်း မရပါဘူး။ဝယ်ယူလို့လည်း မရပါဘူး။ကိုယ်တိုင်က ကိုယ်ပိုင်အစွမ်းအစနဲ့လုပ်မှရပါတယ်။ဒါကြောင့်အခုချိန်ကစတင်ပြီးကိုယ့်ရဲ့ကိုယ်စွမ်းကိုယ်စတွေကိုအပြည့်အ၀ရှာဖွေဖော်ထုတ်အသုံးချကာထူးခြားပြောင်မြောက်တဲ့ဘ၀ကိုဖန်တီးတည်ဆောက်လိုက်ပါလို့တိုက်တွန်းလိုက်ပါတယ်။
Let's Fly Together!
ဖူးကျော်ဇင် (Future Wave)